Total Pageviews

Oct 3, 2010

ရခိုင်ပြည်က ဇာတ်လမ်းတပုဒ်

ဇာတ်လမ်းအမည်။            ။ ရခိုင်ပြည်က ဇာတ်လမ်းတပုဒ်
ရည်ရွယ်ချက်။                            ။မြန်မာပြည်တွင် စစ်တပ်မှ မတရား ဖိနှိပ် အနိုင်ကျင့်နေမှုကို ထင်ရှား သိသာစေရန်။ မတရားမှုများ ကျဆင်းပပျောက်စေရန်။
ကြာမြင့်ချိန်။                               ။၃၀ မိနစ်ခန့် (ခန့်မှန်း)
ပါဝင်သူများ။                              ။စစ်ဗိုလ် ဗိုလ်သီဟ
                                             မစန္ဒာ (ကွမ်းယာသည်)
                                             မိုးကျော်သာ (မစန္ဒာ၏ ရည်းစား)
                                             ဒေါ်အေးသာ(မစန္ဒာ၏ မိခင်)
                                             ဒေါ်ကလျာ(မိုးကျော်သာ၏ မိခင်)
                                             ကြံ့ဖွတ်တဦး
                                             စစ်သား ၂ ဦးခန့်
                                             လူငယ် ၃ ဦးခန့်
အခန်း ၁
လမ်းထိပ်ကွမ်းယာဆိုင်
နေ့၊ အပြင်
ကွမ်းယာ၊ ဆေးလိပ်၊ စီကရက်၊ ချိုချဉ်သကြားလုံး၊ ငှက်ပျောသီး စသည်..
မစန္ဒာ ကွမ်းယာနေ၊ ဗိုလ်သီဟ ၀င်လာ။ အနည်းငယ် ရီဝေေ၀
ဗိုလ်သီဟ။                    ။ဗမာဆေး ဖာလာ ထုံးစံအတိုင်း ငါးရာဖိုးပေး.. မစန္ဒာ။ မနေ့က နင်ယာ ပေး လိုက်တဲ့ ကွမ်းက ထုံးတွေများသွားတယ်ထင်တယ်။ ငါ ထုံးတောင်ပေါက်တယ်ဟာ။ ဒါပေမယ့် နင်ယာပေးတဲ့ကွမ်းက စေတနာနဲ့ ထုံးပိုထည့်ပေးလိုက်တာဆိုပြီး အကုန်စားပစ်လိုက်တယ်သိလား။
မစန္ဒာ။                         ။(တချက်မော့ကြည့်။ သိပ်လိုလားဟန်မရှိ.သို့သော်..) ဟုတ်ကဲ့ဗိုလ်ကြီး.. ဒီတခါ လျှော့ ထည့်ပေးလိုက်ပါ့မယ်။
ဗိုလ်။                           ။သြော်.. နင်ဘယ်လိုယာယာ ငါ့စိတ်ထဲမှာတော့ စားကောင်းနေတာပဲ။ ကွမ်းယာပဲ တကယ် စားလို့ကောင်းနေတာလား။ ဆိုင်ရှင်ပဲ လှနေတာလားတော့မသိပါဘူးဟာ။ ဟီး
မစန္ဒာ။                         ။ (ကွမ်းကိုပဲ အာရုံစိုက်ယာနေ)
ဗိုလ်။                           ။ နင်က တော်တော်လှတာပဲနော်။ နင့်နာမည်က မစန္ဒာဆို
မစန္ဒာ။                         ။ဟုတ်ကဲ့
ဗိုလ်။                           ။ငါ့လည်း မှတ်ထားဦးနော်။ ဒုဗိုလ် ဖြစ်တော့မှာ ဒီတခေါက် ရှေ့တန်းက ပြန်လာပြီးရင်..။
ငါ နင်တို့ဒေသလေးကို သဘောကျတယ်။ အဲ.. ပြီးတော့ နင့်ကိုလည်း သဘောကျတယ်။
မစန္ဒာ။                         ။ကွမ်းယာရပြီ
ဗိုလ်။                           ။အေး.. ပေး.. ရော့.. ၁၅၀၀။ သုံးရက်စာနော်။ ကြိုပေးထားတာ။ ဟီး။ တို့လို အရာရှိလောင်းက ငွေလည်း မရှား။ လူတိုင်းကလည်း ပမာမခန့် မလုပ်ရဲဘူးလေ။ သိတယ်မဟုတ်လား။ ဟဲ ဟဲ.. အေ့.. (မစန္ဒာ အနားကပ်စဉ် အရက်နံ့ နံလာသဖြင့် နှာခေါင်းရှုံ့လိုက်သည်ကို မြင်သွားသဖြင့်) အမလေး။ နင်က ငါ့ကို နှာခေါင်းရှုံ့တာလား။ လူတွေက ကွယ်ရာမှာ တို့လို စစ်ဗိုလ်တွေကို နှာခေါင်းရှုံ့ချင်ပေမယ့် ငါတို့ကို မလေးမစားတော့ မလုပ်ရဲပါဘူး.. ဟင်း
မစန္ဒာ။                         ။မဟုတ်ပါဘူး။ အရက်နံ့..
ဗိုလ်။                           ။သြော်.. ငါ နည်းနည်းပါးပါး သောက်ထားလို့ပါ။ ဒါပေမယ့် ငါ မမူးပါဘူး။ (ပြောရင်းယိုင်) ထိုစဉ်ဈေးဝယ်သူရောက်လာသဖြင့်.. မစန္ဒအလုပ်ရှုပ်နေ။ ဗိုလ်သီဟ ယောင်လည်လည်ဖြင့် ရပ် နေ..။ ထိုစဉ် မစန္ဒာ အမေ ဖြစ်သူရောက်လာ။
မစန္ဒာ။                         ။သြော်.. အမေကလည်း နောက်ကျလိုက်တာ။ အတော်ပဲ.. (အမေအား စစ်ဗိုလ်ဖက်သို့ မျက်ရိပ်လှမ်းပြပြီး) ကျမ ပဲလှော်တွေ ထုပ်စရာရှိလို့ အမေဆိုင်ထိုင်ပေးထားနော်။
အမေ။                         ။အေး.. အေး. (စစ်ဗိုလ်ဖက်လှည့်ပြီး) ဘာယူမလို့လဲ ဗိုလ်ကြီး
ဗိုလ်။                           ။အင်း.. လိုတာတော့ရှိတာပေါ့ဗျာ.. ဟဲ ဟဲ.. နောက်မှပဲ ပြောတော့မယ် …
(ပြောရင်းလှည့်ပြန်သွား) (သားအမိနှစ်ယောက်သက်ပြင်းချလိုက်ကြ)

အခန်း ၂
မိုးကျော်သာနှင့် မစန္ဒာ ချစ်သူနှစ်ဦး တွေ့ဆုံခန်း
အပြင်။ နေ့  (ပန်းခြံ )
မစန္ဒာ။              ။နင့် အလုပ်အခြေအနေရော ကောင်းရဲ့လား
မိုးကျော်သာ။      ။အေး.. ပုံမှန်လေးပေါ့ဟာ… ဒါပေမယ့် နောက်လထဲမှာ အမြတ်ခွန်ဆောင်ရမယ်တဲ့။ ဒီကြားထဲ စစ်တပ်က လူတွေလည်း ရောက်လာသေးတယ်။ အလှူငွေထည့်ရမယ်တဲ့။
မစန္ဒာ။              ။ဟင်.. ဘာအတွက်လဲ
မိုး။                   ။မသိပါဘူးဟာ.. ပြောတော့ပြောတာပဲ။ နောက်ပြီး ပေါ်တာဆိုလား လုပ်အားပေးဆိုလား လိုက်ရမယ်လို့ အိမ်မှာလာပြောသွားတယ်။
မစန္ဒာ။              ။ဟင်.. ဒုက္ခပါပဲ။
မိုး။                   ။အေး.. ငါကလည်းဈေးရောင်း အမေကလည်းမလိုက်နိုင်တော့ ပိုက်ဆံထည့်ရင်တော့ ရမယ် တဲ့လေ..
မစန္ဒာ။              ။အေးဟာ.. ဒါဆို ငါတို့ရပ်ကွက်ဖက်ကိုလည်း လာကောက်ဦးမယ်ထင်ပါရဲ့.
မိုး။                   ။အင်း.. ငွေကုန်ပေါက်တွေကလည်း များလိုက်တာဟာ..
မစန္ဒာ။              ။ဟုတ်တယ်ဟာ.. ဘာလိုလိုနဲ့ သီတင်းကျွတ်တော့မယ်နော်။
မိုး။                   ။အေး… တို့လက်ထပ်ဖို့အတွက် ငွေစုနေတာလည်း မပြည့်နိုင်သေးဘူး။
မစန္ဒာ။              ။ခမ်းခမ်းနားနားတွေ ဘာမှမလုပ်ပဲ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်လိုက်ရင် တော်လောက် ပြီ ထင်တာပဲ..
မိုး။                   ။အင်း.. ငါက နင့်ကို တင့်တောင့်တင့်တယ် လက်ထပ်ချင်တာဟ။
မစန္ဒာ။              ။ငါ သိပါတယ်.. ဒါပေမယ့် အဲဒီလိုဖြစ်ဖို့ဆိုရင် တို့တွေ နောက်ထပ် ဘယ်နှနှစ် ကြာဦးမယ် မသိဘူး။
မိုး။                   ။အင်း.. ငါတော့ မြန်မြန်လက်ထပ်ချင်ပြီဟာ… နင်တို့ သားအမိ နှစ်ယောက်တည်း စိတ်မချဘူး။
မစန္ဒာ။              ။နင်က အမေ့ကိုစိတ်မချတာလား ငါ့ကိုစိတ်မချတာလား။
မိုး။                   ။ဟီး. အဓိကကတော့ နင့်ကိုပေါ့ဟာ.. ဒီဝါကျွတ်ရင် ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ကြရအောင် နော်။
မစန္ဒာ။              ။(စဉ်းစားပြီး ခေါင်းညိတ်)

အခန်း ၃
မစန္ဒာ ကွမ်းယာဆိုင်
နေ့ ။ အပြင်
မစန္ဒာ အပြင်ကဈေးဝယ်ပြီး ပြန်လာ။ အမေ ဒေါ်အေးသာ ဆိုင်ထိုင်နေ
ဒေါ်အေးသာ။                 ။သမီး. ဈေးမှာတာတွေ ရခဲ့ရဲ့လား။
မစန္ဒာ။                         ။ ရတော့ရခဲ့တယ်အမေရေ…….. ဈေးတွေကလည်း တက်လိုက်တာ.. ကျတယ်လို့ကို မရှိဘူး
ဒေါ်အေးသာ။                 ။အေးဟယ်.. ဈေးရောင်းရတာလည်း ကုန်ဈေးနှုန်းတွေတက်တော့ အရောင်းအ၀ယ် လည်း မကောင်း၊ အကြွေးကျတော့လည်း မရှိတဲ့သူအချင်းချင်းဆိုတော့ အခက်သား။
မစန္ဒာ။              ။ဆိုင်အရင်းလေး မပြုတ်အောင်တော့ လုပ်မှဖြစ်မယ်အမေရေ။
ဒေါ်အေးသာ။      ။အင်း.. ဒါနဲ့ ခုနက ဟိုအကောင် ရစ်သီရစ်သီနဲ့ လာကြည့်သွားသေးတယ်။
မစန္ဒာ။              ။ဘယ်အကောင်လဲအမေ.. မိုးကျော်လား..
အေး။               ။ဟုတ်ပါဘူးအေ.. ဟိုစစ်ဗိုလ်ဆိုတဲ့အကောင်လေ.. လာရင်လည်း မူးမူးရူးရူးနဲ့..
မစန္ဒာ။              ။ ဟင်း. ဒီမျက်နှာရူးကလည်း တမှောင့်။ သမီးမှာ လက်ထပ်မယ့်သူရှိပါတယ်။ နားဖေါက် ထားတဲ့သူရှိပါတယ်ဆိုတာလည်း မရဘူး
အေး။               ။ဒင်းတို့ခေတ်ဆိုတော့ ပြသနာမဖြစ်အောင်တော့ ကြည့်ရှောင်ပါသမီးရယ်..
မစန္ဒာ။              ။ကြည့်တော့ ရှောင်တာပဲအမေ.. သမီးကို ဘယ်လိုအစားထဲကများ ထင်နေလဲမသိဘူး။
အေး။               ။ပြောရင်းဆိုရင်း လာနေပြီ..
(စစ်ဗိုလ်သီဟ မူးကြောင်ကြောင်ဖြင့် ၀င်လာ)
သီဟ။               ။ဟေ့.. အသည်းလေး.. ဘယ်သွားနေတာလဲ. ခုန လာရှာတာ မရှိဘူး။
မစန္ဒာ။              ။(ရှက်ဒေါသဖြင့်) ကျမကို ဒီလိုမခေါ်ပါနဲ့။ ကျမမိကောင်းဖခင်သားသမီးပါ။ ပတ်ဝန်းကျင် နဲ့ နေတာ..
သီဟ။               ။အံမယ်. ကြီးကြီးကျယ်ကျယ်.. နင်တို့လို မိန်းမမျိုး ယူလာတာများပြီ.. ငါက စစ်ဗိုလ်ဖြစ် တော့ မှာဟ.. နင် ဗိုလ်ကတော် မဖြစ်ချင်ဘူးလား. ဟီး ဟီး
မစန္ဒာ။              ။ဘာ ဗိုလ်ကတော်မှ မဖြစ်ချင်ဘူး။ ကျမမှာ လက်ထပ်ရမယ့်သူ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား။
ဗိုလ်။                ။အံမယ်.. ငါ့ကို ကောင်းကောင်းပြောစမ်း (အသံမာ)
ဒေါ်အေး။           ။ဗိုလ်ကြီး မူးရင် ပြန်ဖို့ကောင်းပြီ
ဗိုလ်။                ။(ဒေါ်အေးသာကို မထီလေးစားကြည့်ပြီးပြုံး) သြော်.. ဟုတ်ကဲ့.. ဟုတ်ကဲ့ အမေ.. ကျနော် ပြန်လိုက်ပါဦးမယ်ခင်ဗျ.. (စပ်ဖြဲဖြဲ မျက်နှာဖြင့် ထွက်သွား)
မစန္ဒာ။              ။(လက်ထဲက ကွမ်းညှပ်ဖြင့် ကွမ်းသီးတခြမ်းအား ညှပ်လိုက်။ ကွမ်းသီး ကွဲထွက်သွား) တောက်။

အခန်း ၎
ကွမ်းယာဆိုင်။ အရက်ဆိုင်
ညနေစောင်း။ အပြင်
မစန္ဒာဆိုင်။ မိုးကျော်သာရောက်နေ။ ကွမ်းသီးညှပ်၊ မစန္ဒာ ကွမ်းရွက်ဆေးနေ
(ပြုံးပြုံးရယ်ရယ်နှင့် စကားပြောနေ။ အသံမပါ)
(ဆိုင်ခပ်လှမ်းလှမ်းအရက်ဆိုင်တွင် ဗိုလ်သီဟ ကြံ့ဖွံ့ ၁ ယောက်နှင့် အရပ်အတူသောက်ရင်း လှမ်းကြည့်နေ)
ကြံ့။                  ။အဲဒီကောင်ပေါ့ ဗိုလ်ကြီးရဲ့။ မိုးကျော်သာဆိုတဲ့ကောင်
ဗိုလ်။                ။ဒီကောင်က မစန္ဒာ ယူမယ့်ကောင်လား
ကြံ့။                  ။ဟုတ်တယ်။ အဖွားကြီးကလည်း သဘောတူထားတာလေ။ သီတင်းကျွတ်ရင် ယူကြတော့ မယ် ပြောတာပဲ။
ဗိုလ်။                ။သေချလှချည်လား
ကြံ့။                  ။သေချာတယ် ဗိုလ်ကြီးရဲ့။ ဒီအတိုင်းဆိုရင်တော့ ဗိုလ်ကြီး ကျန်ရစ် ဖြစ်မှာပဲ။
ဗိုလ်။                ။တောက် (လက်ထဲက မီးခြစ်ကို ခြစ်ပြီး မီးညှိလိုက်) မပြောမဆို ကွမ်းယာဆိုင်ဖက် ထ ထွက်သွား။ ကြံ့ဖွတ် ပြုံးစစနှင့် ကျန်ရစ်

ကွမ်းယာဆိုင်
ဗိုလ်သီဟ တလှမ်းချင်း မူးကြောင်ကြောင်ဝင်လာ။ ဆိုင်ပြင်ထွက်ပြီး ကွမ်းရွက်ဆေးနေသော မစန္ဒာနား ကပ်သွားပြီး မစန္ဒာ လက်ကို လှမ်းဆွဲ
ဗိုလ်။                ။အချစ်လေး.. အသည်းလေး.. ဟဲ ဟဲ
မစန္ဒာ။              ။(လန့်သွားပြီး လက်ကိုရုန်း) ရှင် ဒါဘာလုပ်တာတုန်း (ဒေါသ)
ဗိုလ်။                ။ဟဲဟဲ.. အသည်းလေး အလုပ်များနေလား .. ကူညီချင်လို့ပါ..
(မိုးကျော်သာ အံ့သြစွာ ကြောင်ကြည့်နေမိ)
မစန္ဒာ။              ။ရှင် စော်ကားလှချည်လား
(မိုးကျော်သာ အနားကပ်သွား)
ဗိုလ်။                ။အံမာ. နင်က အခုမှ ဘယ်လိုဖြစ်နေတာလဲ.. (မိုးကျော်သာကိုမြင်သွားပြီး) သြော်.. ဒီ အကောင်ရှိနေလို့လား.. ဟား ဟား.. နင့်လက်ကလေးကို ဟောသည်လို ဟောသည်လို (လက်ကို လှမ်း ကိုင်) ကိုင်တော့ဘာဖြစ်လဲ
မိုးကျော်သာ။      ။ဗိုလ်ကြီး.. ခင်ဗျား လွန်နေပြီဗျာ..
ဗိုလ်။                ။အံမယ်.. မင်းက ဘာကောင်လဲ.. ငါ ဗိုလ်သီဟကွနော်.. သိတယ်မဟုတ်လား။ တပ်မတော်က ကွ
မိုး။                   ။တပ်မတော်သားဆိုတာ လူထုကို စောင့်ရှောက်ရတာဗျ။ စော်ကားဖို့ မဟုတ်ဘူး
ဗိုလ်။                ။ဘာကွ။ ရာရာစစ။ စော်ကားတော့ ဘာဖြစ်လဲ.. မင်းလိုကောင်ကို.. (သေနတ်ကို လှမ်းထုတ် ယူလိုက်ပြီး မိုးကျော်သာကိုချိန်) အရှင်မထားဘူး
မိုး။                   ။ခင်ဗျား.. ခင်ဗျားလွန်နေပြီနော်..
မစန္ဒာ။              ။အို.. ဒုက္ခပါပဲ
ဗိုလ်။                ။လွန်တယ်ကွာ.. ဘာဖြစ်လဲ.. (သေနတ်ကို မောင်းတင်ရန် ဟန်ပြင်)
မိုး။                   ။အာ…….(အခြေအနေမကောင်းသဖြင့် ရုတ်တရက် ဗိုလ်သီဟ သေနတ်ကို လှမ်းလုပြီး မူးနေသော ဗိုလ် သီဟအား တွန်းဖယ်။
ဗိုလ်။                ။ဟာ.. ငါ.. ငါ (အမူးရှိန်ဖြင့် အနီးရှိမြောင်းထဲကျသွား) (မိုးကျော်လက်ထဲ သေနတ်ရောက်)
မစန္ဒာ။              ။မိုးကျော်.. ပြေး.. ပြေးတော့.. အခြေအနေမကောင်းဘူး
မိုး။                   ။အေး.. ငါ ပြန်လာခဲ့မယ်နော်.. (သေနတ်ကို တချက်ကြည့်ပြီး ခပ်လှမ်းလှမ်းသို့ကန်ထုတ်ကာ ထွက်ပြေးသွား)
ဗိုလ်။                ။ဟေ့ကောင်.. မပြေးနဲ့.. မင်း ငါနဲ့တွေ့မယ်.. (မူးပြီး ပြန်ထ မြောင်းပေါ်ပြန်တက် ပြန်ပြုတ်ကျ)
တောက်။ ငါ့အကြောင်း သိရမယ်ကွ
(မိုးကျော် ခပ်ပေးဝေးသို့ ပြေးထွက်သွား)

အခန်း ၅
မိုးကျော်သာအိမ်
မိုးကျော်သာအမေ အိမ်ရှေ့တွင်ထိုင်နေ။ မျက်နှာမကောင်း။
အိမ်သို့ စစ်ဗိုလ်၊ စစ်သား ၂ ယောက်နှင့် ကြံ့ဖွတ် ၀င်လာ
ကြံ့ဖွတ်။ ။ကဲ.. ဒေါ်ကလျာ.. ခင်ဗျားလည်း သိပြီးရောပေါ့။ ခင်ဗျားသား ဒီဗိုလ်ကြီးကို သတ်ဖို့ကြံစည်လို့ တဲ့။
ဒေါ်ကလျာ။        ။ကျမသားက ဒါမျိုး မလုပ်တတ်ပါဘူး
ဗိုလ်။                ။ခင်ဗျားသား ဘယ်မှာလဲ
ဒေါ်ကလျာ။        ။သူအိမ်ပြန်မလာဘူး။
ဗိုလ်။                ။ကျုပ်တို့သိတယ်.. ဒီကောင်ထွက်ပြေးနေတာ
ကြံ့။                  ။ခင်ဗျားအမျိုးတွေရှိတဲ့ရွာတွေဖက် ထွက်သွားတယ်ဆို..
ဒေါ်ကလျာ။        ။ဒါတော့ ကျမမသိဘူး
ဗိုလ်။                ။မသိဘူးလား။ ရတယ်.. ခင်ဗျားလိုက်ခဲ့။ ခင်ဗျားသား ပြန်လာအဖမ်းခံရင် ခင်ဗျား ပြန်လွတ် မှာ ပေါ့ဗျာ.. ကဲ.. လိုက်ခဲ့ပေတော့..
ဒေါ်ကလျာ။        ။ရှင်….

အခန်း ၆
လက်ဖက်ရည်ဆိုင်။ လူငယ် ၃ ဦး စကားပြော
၁။                   ။ဟုတ်တယ်ကွ.. မိုးကျော် နေ့လည်က စစ်တပ်မှာ သွားအဖမ်းခံလိုက်ပြီတဲ့။ သူ့အမေကို ဖမ်းပြီး နှိပ်စက်နေတာ ၄ ရက်တောင် ရှိနေပြီဆိုတော့လည်း..
၂။        ။ဒီကောင်တွေ သိပ်လွန်လွန်းတယ်ကွာ်..
၃။        ။မစန္ဒာလည်း သနားပါတယ်။ တငိုငို နဲ့..
၁။        မိုးကျော်တို့ သားအမိလည်း သနားစရာပဲ.. ။ ကိုယ့်ဖက်က မှန်နေတာတောင် မတရားတဲ့သူတွေ  လက်ထက်မှာ အခုလို ကြုံနေရမှာပဲ
၂။        ။ဘာပဲဖြစ်ဖြစ် မိုးကျော်တော့ ဒုက္ခရောက်ရတော့မယ်ကွာ
၃။        ။ဒီကောင်တွေကလည်း မူးပြီး သူများသားသမီးကို စော်ကားသေးတယ်။ ပြီးတော့ ၀တ္တရား နှောင့်ယှက်မှုဆိုပြီး ဖမ်းသတဲ့။
၁။                   ။အေးကွာ မတရားလိုက်တာ..
၂။        ။ဖမ်းရင်လည်း မိုးကျော်ကို ရအောင်လိုက်ဖမ်းပေါ့.. အခုကျတော့..သားကိုဖမ်းဖို့ အမေကို ဓါးစာခံလုပ်ပြီး နှိပ်စက်သတဲ့။ ယောင်္ကျားတွေဖြစ်ပြီး..အောက်တန်းကျလိုက်တာ. ယူနီဖေါင်းမ၀တ်ပဲ ထမိန် ၀တ်ထားဖို့ကောင်းတယ်။

အခန်း ၇။
မစန္ဒာ ကွမ်းယာဆိုင်။ မစန္ဒာနှင့် ဒေါ် အေးသာ သားအမိ
မစန္ဒာ ငိုပြီး အပြင်က ပြန်လာ
မစန္ဒာ။              ။အမေ…  အဟင့်ဟင့်
အေး။               ။(သမီးကို ကြင်နာစွာ လှမ်းဖက်ရင်း) သမီးလေးရယ်.. ဒီကောင်တွေ ဘယ်လိုအမိန့်ချ လိုက်လဲ သမီး
မစန္ဒာ။              ။မိုးကျော်ကို ထောင် ၁၆ နှစ်တဲ့.. သူ့အမေကိုတော့  ထောင် ၁ နှစ်တဲ့..
အေး။               ။အို.. ဒုက္ခ.. ဒုက္ခ.. လူသတ်မှုတောင် ဒီလောက် နှစ်မများဘူး။ ၁၆ နှစ်တောင်တဲ့လား
မစန္ဒာ။              ။အဟင့်ဟင့်..
အေး။               ။ဒေါ်ကလျာက ဘာဆိုင်လို့ ၁ နှစ်ချလိုက်ရပြန်တာလဲကွယ်
မစန္ဒာ။              ။သူလည်း ၀တ္တရားနှောင့်ယှက်မှုတဲ့အမေ.. သတင်းထိန်ချန်လို့ဆိုလားလည်း ပါသေးတယ်။ဟို ကြံ့ခိုင်ရေးလှမြင့်ကလည်း ဟုတ်ပါတယ်ဆိုပြီး မတရား သက်သေ ထွက်ဆိုတယ်လေ
အေး။               ။ဖြစ်မှဖြစ်ရလေကွယ်… ငါ့သမီးလေးတို့အဖြစ်ကလည်း ….
မစန္ဒာ။              ။သမီးကို ကယ်ရင်း အခုလိုဖြစ်ရတာအမေ.. သမီး သူ့ကိုသနားတယ်.. သမီး.. သူ ထောင်က ပြန်ထွက်လာတဲ့အထိ စောင့်ပြီး သူ့ကိုပဲ ယူမယ်အမေ..
အေး။               ။အင်း.. သူ့ကို သစ္စာစောင့်သိရမှာပေါ့.. မဆီမဆိုင် အခုလို စော်ကားနှောက်ယှက်တာတွေ၊ မတရားနှိပ်စက် လိမ်လည်နေတာတွေ ဘယ်တော့များမှ ငြိမ်းအေးမယ်မသိဘူး။ ဒုက္ခ ဒုက္ခ…
လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ…
(အသံတဖြည်းဖြည်းတိုးရင်း… နောက်ခံသီချင်းဖြင့်သိမ်းရန်)


ရခိုင်ပြည်နယ်မှ ဖြစ်ရပ်မှန်တခုကို အခြေခံရေးဖွဲ့ပါတယ်။ ဖြစ်ရပ်မှန်ကို ပြန်ပြောပြတဲ့ ရခိုင်အမျိုးသမီး တဦးကို ကျေးဇူးတင်ပါတယ်)

သူရိန်ထက်
မေလ ၂၀၁၀

မှတ်ချက်။           ဇာတ်လမ်းတို ရိုက်ဖို့ ပြင်ဆင်ရေးဖွဲ့ထားတာပါ။ (အဟဲ.. ငွေမရှိသေးလို့  သိမ်းထားတဲ့ထဲက တပုဒ်ပါ) ၀တ္တုပုံစံမဟုတ်လို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါ တယ်။ ဇာတ်ညွှန်းရဲ့ သဘောကို သိရအောင် ဝေဖန်သုံးသပ်နိုင်အောင် တင်ပြတာပါ။ ရေးထားတဲ့ အခုလို ဇာတ်လမ်းတိုများ စာဖတ်သူ စိတ်ဝင်စားရင် ထပ်တင်ပြပါမယ်။) စာဖတ်သူတွေရဲ့ ဝေဖန်အကြံပြုချက်တွေကို လိုလားတောင့်တမိတာမို့ comment မှာ  မှတ်ချက်လေးတွေ ၀င်ရောက် ရေးသား ဆွေးနွေးပေးသွားကြစေချင်ပါတယ်။

ကမာနီလာမှတ်ချက်
                      ကိုသူရိန်ထက်ဆိုတာကတော့ ကျနော်တို့ ၁၉၉၇ခုနှစ်၊ မတ်လမှာ ဂျပန်နိုင်ငံမှာ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ ”ရွှေမော်ကွန်း” မြန်မာရသ မဂ္ဂဇင်းစာစောင်ရဲ့ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးဖြစ်၊ ကလောင်အမည်အမျိုးမျိုးနဲ့ စာရေးနေတဲ့ စာရေးဆရာ တယောက်လည်းဖြစ်သလို ဗွီဒီယိုဇတ်လမ်း တွေအတွက် ၀တ္ထူ၊ဇတ်ညွှန်းတွေကို ရေးနေသူဘဲဖြစ်ပါတယ်၊ မကြာသေးမှီက ကမာနီလာဘလော့ဂ်မှာ တင်ပေးသွားတဲ့ သီးလေးသီးအဖွဲ့နဲ့ ရိုက်ကူးသွားခဲ့တဲ့ ” အိုပါးသီလ ” ဗွီဒီယို ဇတ်ညွှန်းကို ရေးဖွဲ့ခဲ့သူတယောက်လည်းဖြစ်တဲ့အကြောင်း မသိသေးတဲ့ စာဖတ်သူ ညီအကိုမောင်နှမတွေကို မိတ်ဆက် ပေးလိုက်ပြစေ။ 



2 comments:

Anonymous said...

ဇာတ်လမ်းကို နှစ်သက်သော်လည်း တခုတော့ ပြောချင်ပါသည်။ (ထမီ ၀တ်ထားဖို့ကောင်းတယ်) လို့ ပြောတာက အမျိုးသမီးတွေကို နှိမ့်ချသလို ဖြစ်နေသလားလို့ပါ ........

မမ

thureinhtat said...

မမခင်ဗျား
ဝေဖန်ထောက်ပြတာကို ကျေးဇူးတင်ပါတယ်။ လက်ခံပါတယ်။ တခါတလေ ဇာတ်ဆောင်တွေ ဆွဲခေါ်တဲ့နောက်ကို စာရေးသူက ပါသွားတဲ့သဘောပါ။
အမျိုးသမီးတွေကို နှိမ့်ချလိုတဲ့ သဘောနဲ့ ရေးဖွဲ့တာ မဟုတ်ပေမယ့် ဒီသဘော သက်ရောက်သွားလို့ ဆင်ခြင်ပါ့မယ်။

သူရိန်ထက်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Powered by Blogger