ဂျပန်မှာမြန်မာစာပေစခဲ့တာက
ဂျပန်နိုင်ငံမှာ ၁၉၄၁ ခုနှစ်ခန့်က မြန်မာစာပေနှင့် စကားသင်ကြားရေးကို ကောလိပ်အဆင့်ဖြင့် စတင်ခဲ့သည်၊ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးတဲ့နောက် ထိုနှစ်ထဲမှာတွင် အိုဆာကာနိုင်ငံခြားဘာသာသင် သက္ကသိုလ်မှာ ၁၁ ဌာနမြောက်ဖြစ်တဲ့ သီးသန့်မြန်မာစာဌာနကို ဖွင့်လှစ်နိုင်ခဲ့ကြသည်၊ မြန်မာစာဌာနကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ကြပေမယ့်လည်း မြန်မာစာသင်ကြား ပြသပေးနိုင်မည့် ဆရာက မရှိဖြစ်နေသည့် အတွက် မြန်မာစာအဓိကယူတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဟိန္ဒူဘာသာကိုသာ သင်ယူကြရသည်။ မြန်မာစာဌာနအတွက် ဆရာကို ဂျပန်နိုင်ငံ အနှံ့ရှာဖွေပေမယ့်လည်း မတွေ့ရှိသောကြောင့် တိုကျိုသက္ကသိုလ် မှ မြန်မာစာအသင့်အတင့်တတ်သည့် ဆရာကာဝါဆာကီစံကို ဌာနမှူးခန့်အပ်ခဲ့သော်လည်း အောင်မြင်မူမရှိခဲ့ပေ အဲဒီနောက် ဆရာဟရဒနှင့် ဆရာဟတိုရီတို့ ရောက်ရှိလာခဲ့သည်. ဆရာဟတိုရီမှာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်သို့ ရောက်ရှိခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန် အဖြစ်လုပ်ရင်း ဆရာကြီးဦးဖိုးလှထံတွင် တပည့်ခံကာ မြန်မာစာပေနှင့်စကားကို လေ့လာသင်ယူခဲ့ဖူး သူဖြစ်သည်၊ စစ်အတွင်း အသက်မသေဘဲ ဂျပန်ပြန်ရောက်လာသည်မှာ ကံကောင်းလှသည်။
ဆရာဟရဒခေါ် ဆရာချစ်မန်းနွယ်မှာ မန္တလေးမြို့တွင် အခြေခံပညာ ၉ တန်း အောင်မြင်ခဲ့သူ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်မှီကတည်းက မြန်မာပြည်သို့ရောက်ရှိနေခဲ့သူဖြစ်သည်။ ၄င်း၏ဖခင်မှာ မန္တလေးတွင် သွားစိုက်ဆိုင်ဖွင့်၍ လုပ်ကိုင်နေသူဖြစ်သည်။ ဆရာချစ်မန်းနွယ်အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့ပြီး ထိုစဉ်က ဆရာမှ သူ့အတွေ့အကြုံကို ဤသို့ရေးသားခဲ့ဖူးသည်။
“မြန်မာသင်ပုန်းကြီးကလည်းမရှိ၊ အဘိဓါန်လည်းမရှိ၊ ဗလာနတ္တိဖြစ်ပါ၏၊ မြန်မာပြည်နှင့် အဆက်အသွယ် လုပ်၍မရသောအခါရယ်မို့ မဖြစ်ဖြစ်သည့်နည်းဖြင့် သင်တန်းကိုစခဲ့ရသည်၊ ၊ ကျောက်သင်ပုန်းကြီးတွင် ရေး၍သင်ခဲ့ရသည်။ ဖယောင်းစက္ကူမှာရေးခြစ်၍ သင်ခဲ့ရသည်၊ ဖယောင်းစက္ကူမှာ ရေးခြစ်ပြီး စာမူပွားခဲ့ရ သည်၊ မြန်မာဖတ်စာအုပ်ကို လှလှပပ မပြုစုနိုင်ခဲ့၊ ၁၉၅၇ ခုနှစ်သို့ရောက်ခါမှ ကျနော်အပါအ၀င် ကျောင်းသားတစုတို့ မြန်မာနိုင်ငံသို့ ခရီးထွက်ခွင့်ရခဲ့သည် “ဟု မှတ်တမ်းရေးခဲ့သည်၊
ထိုသို့သွားခွင့်ရခဲ့ခြင်းမှာလည်း ဆရာဟရဒတို့၏ မိတ်ဆွေ မြန်မာနိုင်ငံမှ သွားဆရာဝန်တဦးက အစစတာဝန်ယူဖိတ်ကြားလို့သာ သွားခွင့်ရခဲ့ခြင်းဖြစ်သည်၊ ထိုခေတ်အခါက ဂျပန်နိုင်ငံသားများ ပြည်ပထွက်ခွာခွင့်ရရေးဆိုသည်မှာ မဟာအခွင့်အရေးဖြစ်ပြီး ပြည်ပထွက်ရန် အလွန်ခက်ခဲသည့် အချိန်ဖြစ်သည်။
အစိုးရပညာသင်ထောက်ပံ့ကြေးရရှိခဲ့တဲ့ ဂျပန်ကျောင်းသူ
မြန်မာအစိုးရရဲ့ ပညာသင်ထောက်ပံကြေးကို ရရှိခဲ့တဲ့ ဂျပန်နိုင်ငံက ကျောင်းသူတဦးကတော့ ဆရာမယာဆုကိုဒိုဘယရှိ(ခ)ဒေါ်ယဉ်ယဉ်မြဖြစ်သည်။ ဆရာမက သူ့အကြောင်းကို ပြောပြခဲ့သည်၊ ဆရာမဟာ အိုစကာနိုင်ငံခြားဘာသာသင်သက္ကသိုလ်သို့ ၁၉၅၄ ခုနှစ်မှာရောက်ရှိခဲ့တာဖြစ်ပြီး ပထမနှစ်တွင် ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၂ ဦးရှိပြီး တနှစ်မပြည့်မှီမှာပင် ကျောင်းသူ ၁ ဦးမှ အမေရိကားသို့ ပညာတော်သင် စေလွှတ်ခြင်းခံရသည့်အတွက် ဆရာမတဦးသာ ကျောင်းသူအဖြစ် ကျန်ရှိခဲ့သည်။
အဲဒီအချိန်ကာလက ဂျပန်သို့ မြန်မာဘောလုံးအသင်းက ချစ်ကြည်ရေး လာရောက်ကစားကြရာ ဘောလုံးအသင်းတွင် ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေ၀င်း(ကွယ်လွန်) ပါလာသည်၊
ဆရာမကမြန်မာနိုင်ငံတော်အလံကို ကိုယ်တိုင်ချုပ်ပြီး မြန်မာစာဌာနမှ ကျောင်းသားများနှင့် သွားရောက်အားပေးခဲ့ကြသည်။ အဲဒီအချိန်က ရန်ကုန်သက္ကသိုလ်ကျောင်းသား ကောလိပ်ဂျင်နေ၀င်းနှင့် ခင်မင်ရင်းနှီးပြီး စာအဆက်အသွယ်ရှိခဲ့သည်၊ ဆရာမက မြန်မာနိုင်ငံသို့ လာရောက်ပညာ သင်ကြား လိုကြောင်း အကူအညီတောင်းခံခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့ ကမ္ဘာအေးလှိုဏ်ဂူတော်ကြီး ဆောက်ပြီး ဆဌမသင်္ဂါယနာတင် အခမ်းအနားပြုလုပ်စဉ် နိုင်ငံရပ်ခြားမှ ဗုဒ္ဓစာပေ ဆည်းပူးသင်ကြားလိုသော ရဟန်းရှင်လူများကို မြန်မာနိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးပေးမည် ဟူသောသတင်းကို ကောလိပ်ဂျင်နေ၀င်းနှင့် သူငယ်ချင်းဖြစ်သူ ကိုခင်မောင်ဇော်တို့က ဆရာမကို လှမ်းအကြောင်းကြား သတင်းပို့ကြသည်။
ဆရာမက ထိုသတင်းကိုကြားကြားချင်း တိုကျိုရှိ မြန်မာသံရုံးသံအမတ်ကြီး ဦးထွန်းရှိန်ထံ သွားရောက်တွေ့ဆုံခဲ့ပြီး ပညာသင်ယူခွင့် လျှောက်လွှာကို မြန်မာနိုင်ငံအစိုးရသို့ လျှောက်ထားခဲ့သည်။ မြန်မာနိုင်ငံတော်အစိုးမှ လျှောက်လွှာကို လက်ခံအတည်ပြုခဲ့သောကြောင့် အိုစကာမြန်မာစာဌာနတွင် ခွင့်တိုင်ကာ မြန်မာနိုင်ငံသို့ ၁၉၅၇ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံသို့ သွားရောက်ပညာသင်ကြားခဲ့သည်။ အင်လျှားဆောင် အခန်းအမှတ် ၁၂၅ မှာနေခဲ့ရပြီး အင်လျှားအဆောင်၏ အစားအသောက်မှာ အိုစကာကျောင်းအဆောင်မှ အစားအသောက်ထက် ပိုကောင်းသည်၊ ပညာသင်ဆုအဖြစ် တလလျှင် ၂၅၀ ကျပ်ရရှိခဲ့ပြီး စာအုပ်စာတမ်းများဝယ်ယူပါက ပြေစာဖြတ်ပိုင်းပြလျှင် ငွေထုတ်ပေးသောကြောင့် စာအုပ်စာတမ်းကြေး ၃၀၀ ကျပ်ပါရရှိခဲ့သည်။ ၁၉၅၇ခုနှစ်မှ ၁၉၅၈ခုနှစ် ပညာတနှစ်သင်ယူခွင့်ရရှိပြီး မိခင်ဂျပန်နိုင်ငံသို့ ပြန်ရောက်ရှိခဲ့ရာ အိုစကာသက္ကသိုလ်တွင် စတုတ္ထနှစ်သင်တန်းကိုဆက်တက်ခဲ့သည်၊ စတုတ္ထနှစ်အောင်မြင်ပြီး မဟာဝိဇ္ဇာတန်းကိုဆက်လက် တက်ရောက်ပညာသင်ကြားလိုသော်လည်း မဟာဝိဇ္ဇာတန်းမဖွင့်လှစ်နိုင်သေးတာကြောင့် ဂုဏ်ထူးတန်းအဖြစ် ကျောင်းတွင်ပညာဆက်လက် သင်ယူခဲ့ပါသည်။ ပါဠိ၊ ဟိန္ဒူ စာပေများအပြင် ကချင်ရိုးရာဘာသာစကား ကိုလည်းေ လ့လာသင်ယူခဲ့သည်။
၁၉၆၀ ခုနှစ်ထဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်ရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင် သွားရောက်တာဝန်ထမ်းဆောင်လိုသော်လည်း အခွင့်မရခဲ့ပေ၊ ဂျပန်ဝန်ကြီးချုပ် အိခဲတစန်အား မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဦးနုမှ ဖိတ်ကြားချက်အရ ၅ ရက်ကြာခရီးအတွက် ဂျပန်ဝန်ကြီးချုပ်ဇနီးနှင့် ဦးနု၏ဇနီးဒေါ်မြရီ တို့အကြား စကားပြန်အဖြစ်လိုက်ပါ ဆောင်ရွက်ပေးခဲ့ရသည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၄ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီး ခင်ပွန်းဖြစ်သူမှာ အမေရိကန်တွင် ကုမ္ပဏီဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သဖြင့် အလုပ်မှနှုတ်ထွက်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ အမေရိကန်၊ နယူးယောက်မြို့သို့ သွားရောက် နေထိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ်အတွင်း တိုကျိုမှမြန်မာသံရုံးမှ မိတ်ဆွေများရဲ့ မိတ်ဆက်ပေးမှူအရ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့် အစရှိတဲ့ မြန်မာအသိုင်းအ၀န်းများနှင့် ခင်မင်ရင်းနှီးခဲ့ကြသည်။
နောက်ပိုင်း ဂျပန်သို့ ပြန်လည်ရောက်ရှိလာပြီး တိုကျိုနိုင်ငံခြားဘာသာသင်သက္ကသိုလ်တွင် အချိန်ပိုင်းနည်းပြဆရာမအဖြစ် စာသင်ပြပေးခဲ့သလို NHKရေဒီယို မြန်မာပိုင်းအစီအစဉ်တွင်လည်း ပါဝင် လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်းများအား မြန်မာစာနှင့်စကားကို သင်ကြားပေးခြင်း၊ ဂျပန်တရားရေးဝန်ကြီးဌာနမှ အကူအညီတောင်းခံလျှင်လည်း မြန်မာဘာသာပြန် အဖြစ်ဆောင်ရွက် ပေးခဲ့သလို စာရွက်စာတမ်းများအား ဘာသာပြန်ဆိုရာတွင်လည်း လုပ်ဆောင်ခဲ့ဘူး သည်၊ မြန်မာစာပေကို ချစ်မြတ်နိုးတဲ့ ဆရာမတယောက် ဆရာကြီးမင်းသုဝဏ် ရေးသားခဲ့တဲ့” ဘကြီးအောင်ညာတယ် ” ဆရာလူထုဦးလှရဲ့ ” ဂျပန်ပြေးတော့ ခြောက်နှစ်သမီး ” ၊ ဆရာသိပ္ပံမောင်ဝ၏ ” တစ်ရာ့တစ်ဆယ် ” တို့ကို ဂျပန်ဘာသာသို့ပြန်ဆိုခဲ့ပြီး ဂျပန်နိုင်ငံထုတ် စာစောင်၊မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သလို ဆရာမမိုးမိုး(အင်းလျား)၏ ” ပျောက်သောလမ်းမှာ စမ်းတ၀ါး” နှင့် ” မှတပါးအခြားမရှိ ” တို့ကို ဘာသာပြန်ဆိုခဲ့ပြီး လုံးချင်းစာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ဆရာမောင်သာရက ရွေးချယ်ပေးသော မြန်မာစာရေးဆရာမများ၏ ၀တ္ထူတို ၁၂ပုဒ်ကို ဆရာမ မပန်းခက်၊ ဆရာမမစန္ဒာတို့နှင့်အတူ ဂျပန်ဘာသာပြန်ဆိုခဲ့ပြီး ” Twelve Ruby ” အမည်ဖြင့် ၀တ္ထူတိုပေါင်းချုပ်စာအုပ် ထုတ်ဝေခဲ့သည်။ ဆရာဟရဒ၏ သမီး ဆရာမမစန်းမြင့်က စာရေးဆရာမများ၏ အကြောင်းနှင့် မိတ်ဆက်နိဒါန်းကိုရေးပေးခဲ့သည်။
၁၉၇၅ ခုနှစ် လူထုတိုက်ထုတ် ဆရာမကြီး လူထုဒေါ်အမာ၏ ” ရွှေဒေါင်းတောင်ဆောင်းပါးများ” အား မြန်မာအနုပညာယဉ်ကျေးမှုကို ဂျပန်လူအများ နားလည်စေရန် စေတနာထား ဒုက္ခခံ၍ ခက်ခဲစွာဘာသာပြန်ဆိုပြီး” ဘိရုမာနော့ မင်းရှူးဘွန်းကာ” ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့ပြီး အခြား မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ ကိုလည်းရေးသားခဲ့သည်။
ဆရာမကြီးသည် ယနေ့တိုင် မြန်မာပြည်ကိုချစ်၊ မြန်မာစာပေနှင့် ယဉ်ကျေးမှူကိုပါ ချစ်မြတ်နိုးလျှက် ရှိသည်ကို တွေ့မြင်ခံစားရသည့်မှာ အလွန်ပိတီ ၀မ်းမြှောက်မိသလို ဆရာမကြီးကဲ့သို့ မြန်မာပြည်၊ မြန်မာလူမျိုးနှင့် မြန်မာယဉ်ကျေးမှူတွေကို ချစ်မြတ်နိုးတဲ့ ဂျပန်များ ဂျပန်နိုင်ငံမှာများစွာရှိနေတယ်ဆိုတဲ့ အကြောင်း……..
ကိုကျော်
ရွှေမော်ကွန်း အတွဲ၂၃
ရွှေမော်ကွန်း အတွဲ၂၃


3:46 AM
ကမာနီလာ
2 comments:
မသိသေးသာတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ကျနော့်အထင်တော့ ဆရာဟရဒ ရဲ့မျိုးဆက် ဆရာမ မဆမိလိုပဲ ဆရာဟတိုရီမျိုးဆက်လည် ယခုတိုင်အိုဆာကာတက္ကသိုလ်မှာ ရှိမယ်လို့ထင်ပါတယ်။ အဲဒီတက္ကသိုလ်မှာ ဂျပန်ကျောင်းသားတွေရဲ့ နိုင်ငံတကာ ဈေးရောင်းပွဲတော်လုပ်တုန်းက တခေါက်တွေ့တော့ နာမည်သေချာမမှတ်မိလိုက်လို့ပါ။ ဒါမဲ့ အဲ့ဒီနာမည်လို့တော့ထင်တာပါပဲ။
ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။
thanks
(HRM)
Post a Comment